Gucci, LV, Adidas, iPhone စတဲ့ လူသုံးကုန်ပစ္စည်းတွေမှာပဲ အောင်မြင်ကျော်ကြားလူသိများတဲ့ Branded ရှိတာမဟုတ်ပါဘူး။ ကျောက်မျက် ရတနာလောကမှာလည်း တန်ဖိုးကြီးစိန်တွေရဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေ ရှိကြပါတယ်။
Diamond Market မှာနာမည်ကြီးတဲ့ Diamond Brand တွေကတော့ Tiffany & Co. , Cartier, Harry Winston , Chopard, Graff တို့ပဲ ဖြစ်ပြီး ဒီစိန်တွေဟာ သာမန်ထက် ပိုမို လူကြိုက်များ အရောင်းသွက်လှပါတယ်။
စိန်ထုတ်လုပ်သူတွေကလည်း လုပ်ငန်းတူ ပြိုင်ဘက်တွေထက် သာလွန်ထင်ရှားပြီး ဝယ်ယူသူတွေရဲ့ စိတ်အာရုံကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်အောင် အမျိုးမျိုးကြံဆတီထွင် လာကြပါတယ်။ “Hearts On Fire” ဟာဆိုရင် တခြား product တွေနဲ့ အမှတ်မမှားအောင် သူတို့ထုတ်လုပ်တဲ့ စိန်ပေါ်မှာ Brand နာမည်ကို လေဆာစာလုံးထွင်းထုထားတဲ့ Company တွေထဲက တစ်ခုဖြစ်ပါတယ်။
မင်္ဂလာလက်ဝတ်ရတနာနဲ့ စပ်လျဉ်းရင်တော့ “Keepsake” ဟာ 1950 ကျော်ကနေ 1970 ကျော်ခုနှစ်တွေအထိ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ Brand ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ 1985 ခုနှစ်ရောက်တဲ့အခါမှာတော့ “Lazare Kaplan” က Lazare Diamond ကိုမိတ်ဆက်ပေးခဲ့ပြီး ကျောက်မျက်ရတနာတွေရဲ့ ခါးပန်းမှာ Laser Number တွေ ထွင်းထုထားတာက ခေတ်စားလာခဲ့ပါတယ်။
လူတွေက ဘာဖြစ်လို့ Branded ဖြစ်တဲ့ စိန်တွေကိုမှ အလုအယက် ပြေးဝယ်ရသလဲဆိုတော့ အခုဖော်ပြပေးမယ့် တမူထူးခြားတဲ့ အကြောင်းအရင်း (၃) ချက်ကြောင့်ပဲ ဖြစ်ပါတယ်။
Authenticity (စစ်မှန်မှု) – သူတို့ဟာ အခြေခိုင်မာတဲ့ Company နာမည်နဲ့ ယှဉ်တွဲရပ်တည်နေတာကြောင့် ယုံကြည်စိတ်ချရပါတယ်။ လူတွေရဲ့ စိတ်မှာ ယုံကြည်စိတ်ရမှုနဲ့အတူ သက်တောင့်သက်သာရှိမှုကိုပါ ပိုမို ခံစားရစေပါတယ်။
Quality (အရည်အသွေး)- Brand တိုင်းက တိကျတဲ့ ဖော်ပြချက်နဲ့အတူ ကောင်းမွန်တဲ့ အရည်အသွေးကို ပုံဖော်ပေးနိုင်ပါတယ်။ လူအများက အစဉ်အမြဲစောင့်ကြည့်နေပြီး မြင့်မားတဲ့ အရည်အသွေးရရှိအောင် ထပ်ခါတလဲလဲ စစ်ဆေးအတည်ပြုထားတာကြောင့် 4Cs Quality ပြည့်မီတာချင်း တူရင်တောင် လူတွေက Branded ဖြစ်တဲ့ စိန်ကို ပိုမိုတပ်မက်ကြပါတယ်။
Image (ပုံရိပ်)- Branded ဖြစ်တဲ့ စိန်စီခြယ်ထားတဲ့ စေ့စပ်လက်စွပ်၊ မင်္ဂလာဆောင်လက်စွပ်၊ မင်္ဂလာနှစ်ပတ်လည် လက်စွပ်နဲ့ အခြားသော စိန်ဘယက်၊ စိန်လက်ကောက်တွေက အထက်တန်းကျ၊ ခေတ်မီပြီး ကျော့ရှင်းလှပတဲ့ အသွင်ဆောင်ပါတယ်။ အသိမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေရဲ့ လက်ဆုံစကားဝိုင်းမှာလည်း ဘယ်တော့မှ ရိုးမသွားဘဲ ဂုဏ်ယူဝံ့ကြွားစွာနဲ့ အမှတ်တရတွေကို ပြန်လည်ဝေမျှပေးနိုင်ပါတယ်။

